မိုးရာသီ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ

မိုးရာသီဆိုတာ ရာသီဥတုတွေထဲမှာ ရောဂါပိုးမွှားကူးနိုင်ခြေအများဆုံးလို့ညွှန်းဆိုရရင် မမှားနိုင်ဘူးထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မိုးရာသီမှာ စိုထိုင်းဆပိုမြင့်မားခြင်း၊ရာသီဥတုအပြောင်းအလဲနှင့် ပိုးမွှားများပေါက်ဖွားလွယ်ခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တာ အများဆုံးဖြစ်လို့ပဲဖြစ်ပါတယ်။

လေထဲကနေ ကူးစက်မြန်/ကူးစက်လွယ်တဲ့အအေးမိပိုးကြောင့် ငွေ့ငွေ့လေးဖျားခြင်း၊နှာစေးခြင်း၊ နှာပိတ်ခြင်း၊လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊နှာချေခြင်း၊ရုတ်တရက်ကိုယ်ပူခြင်း တို့ဖြစ်နိုင်ပါတယ်။တချို့ကတော့ ရောဂါပိုးကပ်နေတဲ့ပစ္စည်းတွေကို ကိုင်တွယ်မိခြင်းမှတစ်ဆင့်လည်း ကူးစက်တတ်ပါသေးတယ်။တကယ်လို့ တုပ်ကွေးများ ကူးခံရပြီဆိုရင်တော့ဖျားနာခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ချွဲကြပ်ခြင်းနဲ့မောပန်းခြင်း တွေခံစားရနိုင်ပါတယ်။သေချာမကုသရင်  အဆုတ်ရောင်ခြင်း၊သွေးတွင်းအောက်ဆီဂျင်ပမာဏကျခြင်းတွေအထိပါဆိုးဝါးနိုင်ပြီး ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများတွင် အန္တရာယ်ပိုများပါတယ်။

တကျော့ပြန်ကြောက်နေရတဲ့အရာကတော့ ကိုဗစ်ပါ။ကိုဗစ်ဆိုတာကလည်း ဗိုင်းရပ်စ်ပိုးတမျိုးပဲဖြစ်ပြီး သူကတော့ ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း အပြင် အနံ့/အရသာပျောက်ခြင်း၊အသက်ရှူမဝခြင်း၊မောခြင်းအထိပါ ဖြစ်ပြီး အဆုတ်ကို အဓိကထိခိုက်နိုင်ပါတယ်။ကူးစက်နှုန်းလည်းမြင့်မားနေဆဲဖြစ်တဲ့အတွက် နှာခေါင်းစည်းတပ်ခြင်း၊သီးသန့်ခွဲနေခြင်းတို့ဖြင့် ကူးစက်မှုကို ကာကွယ်ဖို့လိုအပ်ပါတယိ။ဘက်တီးရီးယားပိုးမွှားကူးစက်ခံရရင်တော့ လည်ချောင်းပြင်းထန်စွာနာခြင်း၊ အစာမျိုရခက်ခြင်း၊သလိပ်ထွက်ခြင်း၊ဖျားနာခြင်း၊ အသံဝင်ခြင်းတွေကို ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး၊ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။တကယ်လို့ ဆေးမထိုးနိုင်ရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောခြင်း၊လူစုလူဝေးရှောင်ရှားခြင်း၊အာဟာရပြည့်ဝအောင် နေထိုင်စားသောက်ခြင်းတွေပြုလုပ်လို့ရပါတယ်။ဆေးယဉ်ပါးမှုမှ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ဘဲ၊အဖျားမကျလျှင်၊ချောင်းဆိုးရင်ကျပ်လျှင် ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ကြောင်း သတိပြုရပါမယ်။

ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများဟာကိုယ်ခံအားစနစ်မပြည့်စုံသေးတဲ့အတွက် တုပ်ကွေး၊ အဆုတ်ရောင်ရောဂါများ ပြင်းထန်နိုင်ခြေမြင့်မားပါတယ်။ဒါ့အပြင် ဆီးချို၊ နှလုံး၊ အဆုတ်၊ကျောက်ကပ်ရောဂါနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကလည်း ရောဂါဖြစ်နိုင်ချေ သာမန်လူထက်မြင့်ပါတယ်။ဒါပေမယ့် မိုးရာသီမှာဖြစ်တဲ့ရောဂါအများစုကစောစီးစွာကုသရင် ပြင်းထန်မှုနည်းပြီး အချိန်တိုအတွင်း ပျောက်ကင်းနိုင်တဲ့အတွက် ရောဂါလက္ခဏာတခုခုဖြစ်တာနဲ့ မပေါ့ဆဘဲ ဆေးကုသမှုခံယူဖို့အတွက် တိုက်တွန်းလိုက်ရပါတော့တယ်။


မီးပိုးကောင်ထိမိရင် ဘာတွေဆက်ဖြစ်မလဲ